မုန်တိုင်းမှာ ခြေထောက်ရှိရင်
ပင်လယ်ကို ခုန်ကူးလိုက်.....
ဟောဒီ
ဘ၀ တစ်ဝပ်စာလေး ထဲ
ဒုက္ခ တွေ
ချိုးဝင်ကွေ့သွားလိုက်တာ
မိုး လောက် ကျယ် တယ်....
ကိုယ့်မနက်ခင်းတွေ
အိပ်ယာထ နောက်ကျတာ
အိပ်မက်ရာသီစော လို့ ပါ.....
ပွဲသိမ်းခရာ မမှုတ်ခင်
ဒါမှမဟုတ်
အမှတ်စဉ် တစ်ဆယ်မဆုံးခင်ထိ
ကိုယ် ဘယ်သရဖူ မှ
မဆုံးရှုံးသေးပါဘူး....
ကံကြမ္မာ ထက်
ကိုယ့် ဆုံးဖြတ်ချက်ကို
ပိုယုံကြည်လိုက် ညီမလေးရေ....
တဖြောင်းဖြောင်းခတ်တဲ့
လက်ခမောင်း ကြားမှာ
အငှားသတ္တိတွေ ရှိကြောင်း
ကိုယ် ပြော ပြ မယ်....
ကိုယ့်ပါရမီနဲ့ကိုယ်
အရွယ်မရောက်နိုင်ကြတဲ့
ပျိုးပင်ပေါက်လေးတွေအကြောင်း
ကိုယ် ပြော ပြ မယ်.....
ပင်လယ်ကို စိတ်နဲ့ ကူးဖြတ်တဲ့
မုဆိုးတွေ အကြောင်း
ကိုယ် ပြော ပြ မယ်....
ကျားရဲ ဂူနံရံပေါ်က
အမဲလိုက် မှတ်တမ်းတွေအကြောင်း
ကိုယ် ပြော ပြ မယ်....
ဘ၀ခေါင်းလောင်း
အချက်(၃၀) တီးမှ
မီးထတောက် တဲ့
အပြေးသမားတွေ အကြောင်း
ကိုယ် ပြော ပြ မယ်....
ပြောချင်တာများလို့
တစ်ပိုင်းသေနေတဲ့ လျှာကို
ကြိုးတုပ်ချည်နှောင်ထားပြီး
တဖျစ်ဖျစ်မြည်နေတဲ့ မီးတောက်လေး လို
အမှောင်ထဲကို
ဖျံလို ငါးလို တွားဝင်သွားကြရအောင်....
ချင့်ချင့်ချိန်ချိန်အိပ်နေပေမယ့်
တိမ်လို....လေလို....
မျော လွင့် နေ တဲ့ စိတ် က
သွေးနဲ့ဆက်မယ့် မနက်ဖြန်တွေမှာလည်း
ငြိမ်းချမ်းရေးဂျိုးငှက်နဲ့
သံလွင်ခက်တွေ ရှိတဲ့ အကြောင်း....။ ။






(လင်းသက်)8.5.2011( 01း15 am)
No comments:
Post a Comment