ပလက်ဖေါင်းတောက်လျှောက်
ခြေသလုံးတောင့်အောင်
စောင့်ရတဲ့ဒုက္ခမှာ
စကားလုံးတွေ ဖေါင်းပွလာတော့
အမြစ်တွယ်နေတဲ့ဒေါသဟာ
နာရီရှည်ကြာ ဆာလောင်လာ….
အိမ်ပြန်ချင်စိတ်တွေ သောသောညံတဲ့
အဝေးပြေးလိပ်တွေ
ငါတို့ ညနေခင်းလမ်းမထက်
လှုးလှိမ့် ဖိတ်ကျ…
“နောက်မယားနဲ့ နောက်ကား
စိတ်မချရဘူး” ဆိုပဲ….
တင်းထားတဲ့စိတ်ကိုလျှော့၊
တိုးကပ်လာတဲ့ ကားကြပ်ကြပ်ပေါ်
ဘ၀ကြပ်ကြပ်တွေကို အလုအယက်ပစ်တင်လိုက်တော့…
စောင့်နေတဲ့ အမိန့်က
“အနောက်ကို ရွှေ့ထားကိုယ့်လူ…
ဒီအပေါက်နဲ့လုပ်စားနေတာ” တဲ့….
မီးခိုးမဆုံး၊ မိုးမဆုံး သောကတွေကို
ဒင်းတို့ဆီ ၀ကွက်အပ်ပြီး
ဒေါသတွေကို သတ်ဖြတ်ထား၊
မျက်စိတ်အစုံကို ကစားလိုက်တော့
ပုဆိုးလေးမ, မပြီး
(ကန်တော့ပါရဲ့ဗျာ)
အမဲလိုက်အက, ကသူတွေ….
ပြောမဆုံးပေါင် တောသုံးတောင်မှာ
ကိုယ့်ပေါင် ကိုယ်လှန်ထောင်းရဲသူတွေ….
လက်ကိုင်ဖုန်းသံတဂွမ်ဂွမ်နဲ့
ဟန်ရေးပြသူတွေ….
သံလွင်ချောင်းခြား၊
ပြီးတော့မှ
ပြန်ညားကြရရှာတဲ့
ကိန္နရီမောင်နှံတွေ….
အပူငွေ့တရဲရဲမှာ ချွေးနံ့ တချွဲချွဲနဲ့
ယမကာမှီဝဲထားတဲ့ လူ့ကဇော်တွေ…
အရောင်စုံလူတွေထဲ
ငါလည်း
သူလိုကိုယ်လို ကဗျာဆရာပါပဲ…..
လက်လုပ်လက်စားအချင်းချင်း
ကျော်နင်းချင်သလား….
မာနတွေ အမောက်ထောင်ထ
ကိုယ့်ကိုကိုယ် တရားပြန်ပြနေရတယ်….
စီးရမယ့်ခရီးမနီးဘူးဆိုတော့
အတ္တမီးတွေပြင်းရှ
အဘိုးကြီးမက
ပဋိသန္ဓေလွယ်ပြလည်း
မဖယ်ရေးချ မဖယ်ကြဘူး….
ကမ္ဘာမီးမလောင်ခင်
သားတောင်ချနင်းမယ့်ဇတ်
(ဖြစ်နိုင်မယ်ဆိုရင်)
ဒီအခန်းကို
ဆင်ဆာဖြတ်ထားချင်ပေမယ့်
ပွက်ပွက်ဆူ ငရဲထဲ
စိတ်ဓါတ်တွေ ခေါင်းကွဲခဲ့ရပါတယ်…
“ရှေ့မှာကွေ့…
ကိုင်မထားရင် ဘေးတွေ့မယ်…”
“ဖိုက်ထားဆရာ….
ဇာတ်တူသားလည်း စားကောင်းတယ်…”
“ဆင်းထား…ရှင်းထား…နင်းထားဆရာ
နောက်ကားပါတယ်….”
စပယ်ယာပါးစပ်
ကိုယ်စောင့်နတ်တောင်
မခံနိုင်ဘူးတဲ့…..
အဲဒီလို ၀ဋ်ဆင်းရဲတွေနဲ့
ရိုင်းစိုင်းမြို့ပြထဲ
(နေ့စဉ်နဲ့အမျှ)
ရုန်းကန်ရခြင်းမှာ
အခုဆို
ကျွန်တော့ တ၀ပ်စာအတွက်
သပ်သပ်ရပ်ရပ် ရှင်သန်တတ်ခဲ့ပါပြီ…။ ။
ရှင်နေမင်း
(၁၄.၉.၂၀၁၂)
(မှတ်ချက်။ ။ လိုင်းကားကြပ်ကြပ်မှာ…စိတ်မှတ်နဲ့ရေးထားတဲ့ကဗျာ…
လွဲတာတွေလည်း ပါလိမ့်မယ်)
No comments:
Post a Comment