Wednesday, July 3, 2013

မနက်ဖြန်အတိုင်း ဒီနေ့ အတိုင်းမနက်ဖြန်





မနက် အပြင်ထွက်တာနဲ့
မျက်စိ ထိပ်တုံး ခတ်ခံရ တဲ့ ကောင်တွေထဲမှာ
ငါက ထိပ်ဆုံးက ပဲ...

ဘယ်လိုလူတွေလဲ
၁၀၉၊၁၁၀ လမ်းမအလယ်မှာ
ခလောက်ဆန်ခံ ဒဏ်ရာတွေနဲ့

စိတ်ဓါတ်တွေ ဇောချွေးပျံနေလိုက်တာ
ဇာတ်ကို ပျက်ရော...

မြိုးမြိုးမြတ်မြတ်ရရင်
ဘာမဆိုလုပ်တဲ့
လူကြီးမင်းတွေရဲ့  စာချုပ်ထဲမှာလဲ
ငါ့မာန တွေ
အမြှုပ်ကို သေလို့...

 
ဒီနေ့အဆင်မပြေဘူး...

ဒီနေ့စိတ်လေတယ်...

ဒီနေ့မိုးရွာပေမယ့် ၊ ထီးမပါဘူး...

ဒီနေ့ ခလုပ်တိုက်လို့ ကျောင်းနောက်ကျ...

"   ဒီနေ့ အကြွေးမရောင်းပါ "    ဆိုင်မှာ
ဒီနေ့ အကြွေးစားတယ်....


ပြီးခဲ့လက သေသွားတဲ့
ရည်းစားဟောင်းကို
ဒီနေ့ ပြန်တွေ့နေရ...

ဒီနေ့ ကိစ္စတွေ
ဒီနေ့ပဲ ရှင်းမှ...

ဒီနေ့...ဒီနေ့...ဒီနေ့...


နက်ဖြန်လဲ...
ဒီနေ့ အတိုင်း ပြောရဦးမှာပဲ....
ဒီအတိုင်းသာဆို
ငါ့ ဒီနေ့တွေ
မနက်ဖြန်မှာ ထက်ပိုင်းကျိုးရချည့်...

မပစ်ပဲအချိန်ခံထားရတာ
စိတ်ကုန်လွန်းလို့
ညှိလက်စ ဘ၀ကို
ပစ္စလက္ခ လွှတ်ချလိုက်တယ်....

အငွေ့မသေသေးတဲ့ အတ္တ ကို
အရိုးစွဲ ဒေါသတွေနဲ့
အငြှိုးတကြီး နင်းချေ
ငါက...
ကလေကချေပဲ....

ဟုတ်တယ်...
ငါက အပေအတေပဲ...

ဒါပေမယ့်လေလာတိုင်းကြွေတတ်တဲ့
ခရေ တော့မဟုတ်ဘူး...

မင်းကငါ့အတွက်သိပ်မြင့်နေသလား...


ငါက....
ပျံသန်းဖို့ မကြောက်ပါဘူး....
အတောင်ဖြန့်ရမှာကိုပဲ
ပျင်း...နေ....တာ

ဒီလိုနဲ့ပဲ တွေဝေမှုတွေရဲ့အကျိုးဆက်က
နံပါတ်တစ်ဆယ့်သုံး(၁၃)
ငါ့ ရည်းစားလေး
အကောင်းစား သူဋ္ဌေးကြီးရဲ့
နောက်ဆုံးပေါ် ရင်ခွင်ထဲမှာ
မြှုံးမိငါးလို
အလုံးလိုက်အထွေးလိုက်
ပါ...သွား...ရှာ...တယ်

ကိုယ့်ပုခုံးထက် တ၀ုန်းဝုန်းပြုတ်ကျဖူးတဲ့
သူ့ ဦးခေါင်းလေးမှာ
နှင်းဆီပန်းတွေ
မ လတ် ဆတ် တော့ ဘူး တဲ့....

ခင်ဗျားဟာ
အစာကျွေးလို့ကတော့
ဘယ် ငါးမျှား မဆို
ဟပ်ဖို့ ၀န်မလေးသူ....

အလကားရတိုင်း
လေသိပ်မချွန်နဲ့ ကိုယ့်လူ
ဒီမှာနားအေးပါးအေး
ဓါးသွေးချင်လို့ပါ....

နှုတ်ခမ်းကိုက်ပြီး
တောက်ခေါက်ရတာ
အရည်မရ အဖတ်မရ
မိအေး နှစ်ခါနာတာပဲ ရှိမယ်....

(တော်ပြီကွာ....
နောက်တစ်ခါ
ကျ....စိမ့် (ပြုတ် ကျ ၊ အီ စိမ့် )
ဘယ်တော့မှမသောက်တော့ဘူး....

အချက်အလက်တွေများလွန်းလို့
ငါ့ခေါင်းထဲမှာ
ကဗျာတွေက လွဲရင်
ဘာအခက်အလက်မှ....မရှိ


(စကားလုံးတွေသာ
ပွင့်ချင်တိုင်း ပွင့်နေမယ်...)


အသည်းကွဲတိုင်း ကဗျာရေးရတာလည်း
ငါ့မှာ
ကဗျာ ကယာ ဆရာကြီိးကို ဖြစ်လို့...

"  အကောင်းဆုံးအရာတိုင်းဟာ
အကြိုက်ဆုံးမဖြစ်နိုင်ဘူး "  
  တဲ့....

ဒါကြောင့်...
ဟောဒီ ကဗျာကို
ခင်ဗျားတို့ ကြိုက်ချင်မှ
ကြိုက်...လိမ့်....မယ်.....

ကျွန်တော်တို့ကျောင်းက ပါမောက္ခကြီးလို
မျက်မှန်တပ် တပ်ပြီး
ဘောင်ခတ် မကြည့်ကြပါနဲ့ကွယ်....

ကျွန်တော်က
အလှပြ ပန်းချီကား မဟုတ်ရပါဘူး....

(မျက်လုံးပြူးကြီးနဲ့
အကြည့်ခံရမှာကို
မျက်လုံးပြူး လွန်းတယ်....)


ဒီညတော့...
နေစရာမရှိပဲ
နေချင်တာပဲ သိတဲ့စိတ်ကို

တိတ်တိတ်လေး ခြုံအိပ်ရဦးမယ်....

လှိုင်းသံ ၊ လေသံ
မိုးခြိမ်းသံကြားရင်
ကျွန်တော့်အိပ်မက်ကို
တံခါးခေါက်ပေးကြပါ....

ဒီနေ့....
အသစ်ဝယ်လာတဲ့....
ဒီနေ့ /
မာယာအဟောင်းထည်လေးက
ဒီနေ့ထိ...
အသားမကျသေးလို့...။ ။



လင်းသက်(6.9.2001)

No comments:

Post a Comment