Tuesday, July 2, 2013

ညီမလေးဖတ်ဖို့ နွေဦးပုံပြင်


နှစ်ပေါင်းများစွာ လွင့်နေတဲ့ တိမ်လို
ငါ့မှာ အိမ်မရှိ၊ ယာမရှိတော့ဘူး...


သစ်ရွက်ကြွေသလို
ဘ၀ကို တစ်ရွက်ချင်းခြွေချလိုက်တယ်...
အသင့် ပြင်ထားတဲ့ ထမင်းစားပွဲတောင်
ယပ်ခတ်ပေးမှ စားခဲ့တဲ့ကောင်...

"အသစ်က ပြန်စကြရအောင် မောင်" တဲ့...
သံယောဇဉ် အငွေ့အသက်တွေက
မနက်ဖြန်တွေကို ခြောက်ခြားမှောက်မှား...
သောက်လက်စ စီးကရက်တွေ
လျှောက်လက်စလမ်းပေါ်မှာ မွစာကြဲလို့...
လမ်းတွေရဲ့ ရွေးချယ်မှုမှာ
ကျွန်တော်ကလည်း မွစာကို ကြဲလို့...
ညီမလေးနဲ့ ခွဲမနေချင်ခဲ့သော
အသည်းကွဲ ညနေခင်း
ဘုံဆိုင်ထဲမှာ ၀ိုင်နီတပုလင်းနဲ့
စီးချင်းထိုးလား ထိုးရဲ့...
တောင့်တမှုကို ဖေါက်ထုတ်ပြီး
ရောင့်ရဲစိတ်ကို အစာသွပ်ပစ်ချင်တယ်...
နောက်တခါ ထပ်မဝေးတော့ဘူးဆိုတဲ့ အသိတွေ
တခွက်ပြီး၊ တခွက် လာကပ်ညိနေ...
ဟောဒီ နွေဦးပေါက် အလွမ်းတွေပါ
ရောသောက်ပစ်လိုက်တော့မယ်...
အာရုံထဲမှာ ညီမလေးက
ဝေးသွားလိုက်...
ပြေးသွားလိုက်..
ဘယ်တော့မှ နီးမလာခဲ့ဘူး...
နေပျော်ရဲ့လား ညီမလေး
သတိရစိတ်ဟာ သက်တန့်ရိပ်လို
တဖိတ်ဖိတ်လက်ကာ ကွေးညွတ်လာ...
အုံးအုံးထ ငိုချင်းချနေတဲ့ ခိုတွေလောက်မှ
ငါက သူရဲကောင်း မပီသခဲ့ဘူး...
ရှိသမျှမာနတွေ ကြိုးတင်းထားတယ်
ငါ့ကို လာတီးခတ်စမ်းပါညီမလေး...
ညီမလေးရဲ့ စိတ်ကူးတွေ
အခု နောက်မကျသေးဘူး မဟုတ်လား...
ပြန်ချင်တယ်ဆို တံခါးခေါက်လိုက်ပေါ့....
ညီမလေး ရောက်မလာနိုင်သေးတဲ့
ဟောဒီ ညနေခင်းကိုတော့
ယာယီခဏ သွန်မှောက်ထားလိုက်ပါမယ်...။ ။




(လင်းသက်)
19-3-2013, 10:13 AM

No comments:

Post a Comment