Wednesday, July 3, 2013

ကွက်လပ် ဖြည့်ပါ


ဆွံ့အ သစ်သီးများ
နေလောင် ကျောက်ဆောင်များ
အယောင်ဆောင် တောင်တန်းများ
ခြောက်သွေ့ သစ်တောများနဲ့
စွန့်ပစ်လိုက်တဲ့ အတွေးအခေါ်များဟာ
ငါ့နှလုံးသားမှာ
လေထုညစ်ညမ်းလို့....

  "  ကြောက်တတ်ရင်
နှစ်ခါသေတယ်"

အခွံထူထူ အယူအဆတွေက
ငါ့ကို လိပ်တစ်ကောင်လို တွားသွားစေခဲ့...

အမြင်မကြည်လင်လျှင်
ကမ္ဘာကျော် "  အာလူးစားသူများ "   လည်း
ကလေးပန်းချီပင်...

ဝေဖန်သံများသာ ငါ့အိပ်ကပ်ထဲ
ဝါးလုံးထိုး စီးဆင်းလာ

ငါဟာ
ငယ်ဘ၀ရဲ့
သတ္တိနဲ့ လက်ရုံးကို
အလွဲသုံးစား လုပ်ခဲ့ဖူးသူ...
စိန်ခေါ်သံများဟာ
သွေးစွန်း အတိတ်နဲ့
၂၀၀၄ ဓါးကို
ကလီယိုပက်ထွာ လို
ရနံ့တွေနဲ့ မျှားတယ်...

တစ်ကျွန်းပြန်လူမိုက် ဗိုက်ကို
ဓါးနဲ့ ထိုးစိုက်လိုက်စဉ်ကလဲ
အဲဒီ လူငယ်စိတ်ဟာ
တဖိတ်ဖိတ်လက်လို့...

အညွန့်တလူလူ တက်ပြီးမှ
ဘာလို့ အခက်ပြန်ကျချင်ရမှာလဲ...

အမေ့တရားသံများကိုသာ
စိတ်မှာ ပွါးများခဲ့...

ဂျွန်အက်ရှ်ဘရီလဲ
သူ့"LP" မြင်းကို
ကဗျာမုန်တိုင်းထဲမှာ
အသားကျစီးခဲ့တာပဲ...

မောင်ချောနွယ်ရဲ့  "ကိုက်လမ်း" လေးထက်
ကက်ကိုဘိန်းဟာ
လှုပ်လှီ လှုပ်လဲ့....

သိဒ္ဓိတ္ထနဲ့ သခင်အောင်ဆန်းလည်း
ဒီအရွယ်မှာ
အမြတ်ဆုံးစခန်းကို
အကောင်းဆုံးလမ်းက
ဖြတ်သန်းသွားခဲ့ကြ...

ဟောဒီ ခပ်ညံ့ညံ့ကဗျာမှာသာ
အနည်ထိုင် မာနတွေနဲ့
အတ္တတွေက စမ်းတ၀ါးဝါး...

" အတွေ့အကြုံများပေမယ့်
ရင့်ကျက်မှု မရှိရင်
အဲဒီအတွေ့အကြုံဟာ အလကားပဲ"
    မဟုတ်လား...

တစ်ခါတစ်လေငြိမ်းအေးချင်စိတ်ကသာ
လေပြည်နုအေးလေး...

ငါ့ အသွေးအသားထဲမှာ
ကာရံတွေဟာ ပွက်ပွက်ဆူလွန်းလို့...
ကိုယ့်နှလုံးသွေးနဲ့ ဟောဒီကဗျာကို ရေးတယ်

ခင်ဗျား ဘယ်လိုမြင်မြင်...
မှားနေရင် ပြင်ပြီး
လွတ်နေတဲ့ နေရာလေးမှာ
"  ကွက်လပ် ဖြည့်ခဲ့ပါ..."   ။ ။

(လင်းသက်)

No comments:

Post a Comment