Tuesday, July 2, 2013

နွေ ည လွင်ပြင်ကို ကူးဖြတ်ခြင်း




တချို့သော ဘ၀ဖြတ်သန်းမှုဖြစ်စဉ်များသည် စိတ်ကူးယဉ်ထက် ပိုမိုဆန်းထွေ လွန်းသည်...။

တခါတရံ ထိုအတိတ်တို့ကို လွမ်းမောလာသောအခါ ဖွင့်အံရမည့် ကိုယ့်ပါးစပ်ကို ကိုယ်
အားနာမိသည်။

မတတ်နိုင်ပါ...။

ကံကြမ္မာ၏ စီရင်ဆုံးဖြတ်မှုကို ကျွန်တော်ကိုယ်တိုင် ရင့်ရင့်ရဲရဲ နာခံခဲ့ပြီးဖြစ်သည်။

ဘာကြောင့်မှ ဆင်ခြေဆင်လက် ချင်ခြင်းမတက်ချင်တော့ပါ...။

ကျွန်တော်သည် သံယောဇဉ်ကို သုံးလွန်းတင် ကျစ်၊ စောင်းကြိုးဖြစ်စေချင်ခဲ့ဖူးသည်။

ကျွန်တော့ရင်ခုန်မှုက သူမအတွက် ဘာကြောင့် အသံမသာခဲ့တာပါလိမ့်...။

အိပ်မက်တွေကို အရောင်မခြယ်ချင်တော့ပါ...။

ကျွန်တော့စိတ်ကူးကိုသာ အပြာရောင် လာမသုတ်ကြပါနှင့်...။

သေအံ့မူးမူး လူမမာတစ်ယောက်၏ တမ်းတမှုမျိုးနှင့် ညအမှောင်ကို လရောင်ဖြင့် ဆွတ်ပက် ကြဲဖြန်းချင်သည်...။

"တလုပ်စားဖူး၊ သူ့ကျေးဇူး"ဟု ဖတ်ဖူး၊ မှတ်ဖူး၏။

တခါချစ်ဖူးပြီဖြစ်၍ "သူ့ဆန်စားလျှင် ရဲရပါတော့မည်။"

ထိုသို့ဖြင့်-

ညကို ကျွန်တော်ချစ်တတ်လာသည်...

တံလျှပ်ဝေေ၀ နေအခိုးချွေသော နေ့အခင်းအကျင်းကို ခေါင်းယမ်း ရှောင်တိမ်း
ခပ်စိမ်းစိမ်း နေပစ်လိုက်၏....

လမင်း၏ ဝေဖြာ လင်းမြတ်မှုမျိုးကို ရင်နှင့်ခတ်၍ ညှိထွန်းဖို့ ကြိုးစားခဲ့သည်...

ညံ့သက်သော လေပြည်တိုးသံသဲ့သဲ့...

ကြယ် ခကြွေရာ အလင်းမှုန်ယဲ့ယဲ့...

သစ်ရွက်လှုပ်သံ အစ...

မျက်တောင်ပုတ်သံ အဆုံး...
ညဉ့်ယံတစ်ခုလုံးကို
စိတ်ပန်းချီနှင့် ခြယ်မှုန်းထား၏...

ဟောဒီညမှာ
ကျွန်တော့စိတ်ကို မီးစုန်းတောက်စေချင်သည်...

နှင်းမြူ ကမ်းပါး ၊ မေးဖျားပစ်တင်ထားတဲ့ လတစင်းလို
ကောင်းကင် တံစက်မြိတ်မှာ နှောင်းပုံရိပ်ကို တွဲလောင်းချိတ်ထားချင်သည်...

ငွေရည်သွန်းဆစ် အိပ်မက်သစ်တို့ ငါ့နှလုံးသားကို လန်းစေသေ၀်...။ ။

(လင်းသက်)
13-3-2013
1:45 AM

No comments:

Post a Comment