တဖျစ်ဖျစ်တောက်နေတဲ့ အလွမ်းနဲ့
တဆစ်ဆစ်ကိုက်နေတဲ့ အတွေးဟာ
တစ်နေ့တစ်ခြား ရင့်မှည့်ထွားကြိုင်းလာ...
အမြီးအမောက်မတည့်သော ရနံ့တွေကိုမှ
သွေးသားတောင့်တချင်တဲ့ စိတ်ကူးများ...
ကိုယ့်ကိုကိုယ် မြှားတစ်စင်းလို
ရည်ရွယ်ရာမဲ့ ပစ်လွှတ်ချင်နေတဲ့ စိတ်ကို
အတောင်ချိုးထားရတာ ခါးသီးသက်မဲ့...
နှစ်လွှာပေါင်းထားတဲ့ ဘယ်သစ်ရွက်ကိုမဆို
အဲဒီကျိန်စာတွေက စူးကို စူးလွန်းတယ်....
ဘယ်ဒဏ်ရာမဆို သွေးထွက်သည်ဖြစ်စေ
အတွင်းကြေရုံလေးပဲ ဖြစ်စေ
ဟန်မဆောင်တတ်ဘူးဆိုရင်
ဖျတ်ဖျတ်လူးအောင် နာတတ်ကြတာချည်းပဲဆိုတော့...
ဖယ်ထားလိုက်စမ်းပါ...
ကျွန်တော့်ရင်ဘတ်ဆီ ငင်ထားတဲ့
ကြမ္မာဆိုတဲ့ ခင်ဗျား လေး ညှို့ အို ကြီး ကို...
ကံနိမ့်ပြီ မျှားသမျှ ငါးမျှားဟာ
ကိုယ့်ကိုပဲ လာငြိနိုင်လွန်းတယ်...
ဒီအတိုင်းဆို
ကိုယ့်သမိုင်း ကိုယ်ပြန်မှိုင်းတိုက်လိုက်ရတော့
မနက်ဖြန်ရဲ့ အပါယ်တံခါးတွေကို ဆွဲဖွင့်ပြီး
အ၀ီစိပဲ ဒုတ်ဒုတ်ထိ ပြေးဆင်းရတော့မလို...
ထဲထဲဝင်ဝင်ဖေါက်ထွက်လာတဲ့ သောကတွေဆို
ဘုရားမကြိုက်၊ နတ်မကြိုက်လည်းပဲ
ကိုယ်ကတော့ နှစ်နှစ်ခြိုက်ခြိုက် မေ့သောက်ပစ်နေကျ...
ကိုယ့်ဒုက္ခနဲ့ ကိုယ်ဆိုတာကလည်း
ဘယ်အချိန်ဝတ်ဝတ် အသားကို ကျလို့...
အသစ်စီးရတဲ့ သံယောဇဉ်တွေကသာ
ဖိနပ်ပေါက်လွန်းတာ...
ကိုယ်က ဒီလိုပါပဲ...
မနက်ဖြန်နဲ့ ဒီနေ့ကို
ကူးချည်၊ သန်းချည် အိပ်ငွေ့ချတတ်သူကြီးဆိုပါတော့..
ကိုယ်က ဒီလိုပါပဲ...
ထိုးသမျှ ဓါးချက်အားလုံးကို
နှုတ်ခမ်းလေးတွန့်ပြီး ပြုံးပြတတ်သူကြီးဆိုပါတော့...
ကိုယ်က ဒီလိုပါပဲ...
မရဲပဲ ကျွဲပြဲစီးရတာကို မုန်းတတ်သူကြီးဆိုပါတော့...
ကိုယ်က ဒီလိုပါပဲ...
သေမင်းနှုတ်ခမ်းကို ကိုယ့်အလွမ်းနဲ့
ချောင်းပေါက်မတတ် နမ်းတတ်ခဲ့သူကြီးဆိုပါတော့...
ကိုယ်က ဒီလိုပါပဲ...
ပုံပြင်ကြိုက်တဲ့ လူမိုက်ကြီးဆိုပါတော့...
ကိုယ်က ဒီ လို ပါ ပဲ...
ကိုယ်က အဲဒီလိုကောင်မျိုးပါပဲ...
ရိုးရိုးသားသား မိုက်မဲရတာ ဇာတ်နာပေမယ့်
အမှောင်ထဲမှာ ကန်းပြဖို့တော့
ဘယ်မျက်လုံးမဆို ရဲပါတယ်...။ ။
(လင်းသက်)
၂၅.၈.၂၀၁၃