Sunday, May 4, 2014

ခေါင်းစဉ်မဲ့ သတ္တိ

လူတွေ…လူတွေ…
ညှီနံ့တွေ တလူလူနဲ့ ပြေးလွှား ခုန်တက်လာကြတာ
ငါ့မှာ ဟန်ဆောင်မှုတောင် အလွှားလိုက်ကွာကျရတယ်…

ဒိုးဒိုးဒန့်ဒန့်လည်နေတဲ့ လူ၊ ကမ္ဘာ၊ သံသရာတွေထဲမှာ
ငါတစ်ယောက်တည်းသာ ဗဟိုချက်မဲ့…
အတွေးအခေါ်တွေလည်း အသက်မဲ့…
ဒီအတိုင်းဆို
ဘယ်ဘက်ရင်အုံမှာလည်း ခံစားချက်မဲ့တော့မယ်...

ဒါပဲလေ တံခါးအတုကို
သော့အတုနဲ့ပဲ ဖွင့်ရတော့မှာပေါ့…

ပင်လယ်ကြီးလိုလည်း
ခန့်ခန့်ထည်ထည် မကျယ်လှဘူးဆိုတော့
ခင်ဗျားတို့စိတ်ကြိုက် သွန်လို သွန်၊ မှောက်လို မှောက်ဖို့
ကျွန်တော့်သတ္တိတွေ မီးထ မတောက်ရဲသေးဘူး…

“ကံကြမ္မာက ကိုယ့်ကိုမှ ကောက်သင်းကောက် ကျီစားရတယ်လို့ကွာ”ဆိုပြီး
လောကကြီးကို တောက်ခေါက်နေလို့လည်း မဖြစ်တော့ဘူးဆိုတော့
ဒီတစ်ရာသီမှာလည်း
ဒုက္ခဆိုးတွေ တာကျိုးနှင့်ဦးပေါ့ကွယ်…။ ။

-လင်းသက်-
(3 May, 2014)

No comments:

Post a Comment