Wednesday, January 1, 2014
၂၀၀၈ ရင်ခွဲနှင်း
လေထဲမှာ တွဲလောင်းချိတ်ထားတဲ့ ဒုက္ခတွေက
ကိုယ့်နဖူးပေါ် တစ်စက်ချင်းပြိုဆင်းကျလာ...
ယောရုဝရဲ့ မနက်ခင်းတောင်
ဒီလောက် ရွှန်းစိုမယ်မထင်ဘူး...
ကိုယ် လုလုထွေးထွေး ရှိုက်မက်နေတဲ့ ရနံ့ဟာ
ဟောဒီ မြူမှုံနှင်းခါးတွေရဲ့ ကြမ်းကျွံမှုက စီးဖြာလာခဲ့တာ...
တစ်ခါတစ်ရံမှသာ ကျိုးကျိုးနွံနွံဖြစ်ခဲ့ဖူးတဲ့
စိတ်နှလုံးကို ဒီမနက်မှာပဲ ဒုန်းဒုန်းချပစ်လိုက်တယ်...
ပြီးတော့...
တစ်သက်တာလုံး ရှုံးမယ့် အပြုံးကို
နှစ်နှစ်လိုလို ကိုယ်ပြုံးလိုက်တော့တာပဲ...
အခုဆို
ပစလက္ခ မျက်ကွယ်ပြုခဲ့ဖူးသော သူ့ဓါတ်ပုံလေးတောင်
ကိုယ့် မျက်ဝန်းတွေလို အ၀ါရောင်သန်းစပြုလာ...
အတိတ်ကိုချည်း လှမ်းမြင်နေတဲ့ အိပ်မက်တွေကို
အသစ်လဲပစ်ချင်တာပဲ သိတယ်...
မာကျောခက်ထန် ကိုယ့်ဟန်ပန်ဆီက
ဆောင်းရိပ်ဆောင်းငွေ့တွေ လျှံထွက်ကျနေသလား...
ဒဏ်ရာဆိုတာ အနာခံနိုင်သူအတွက်တော့
ပန်းပွင့် ကြွေသံပဲ ဆိုပါစို့...
ရင့်ရင့်ကျက်ကျက်မရှိလှတဲ့ ဘ၀အို၊ ဘ၀ပျက်ကြီးကို
တွယ်ဖက်မောရတာ အချိန် နှမျောလွန်းတယ်...
၂၀၀၈ က ၂၀၁၃ ဆီ ထုံကူးရတာ
ရူး လောက် ပါ ရဲ့...
ကိုယ့်မာနကို ဓါးလို မသွေးချင်တော့ဘူး ညီမလေး...
ကိုယ့်နှလုံးသားကို တေးဆို ချော့သိပ်
တိတ်တိတ်လေး နေလိုက်ပါတော့မယ်...။
(လင်းသက်)
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment